ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း  Book Club နှင့် မုဒိတာစာဖတ်ဝိုင်း ကျင်းပ

ရွှေတောင်  ဒီဇင်ဘာလ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club  နှင့် ပူးပေါင်း၍ မုဒိတာ  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အဖွင့်အမှာစကား ပြောကြားပြီး စာအုပ်၊ စာပေကို ချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာကြီး  ဖေမြင့်၏ " အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ စာပေချစ်သူများBook Club အသင်း  အဖွဲ့ဝင် ဆရာကြီး ဦးအုန်းမောင် (မောင်အေးငြိမ်း-သရက်) ၊ ဆရာကြီး ဦးမြင့်ဦး (မိတ္တ -ရွှေတောင်)၊ ဆရာကြီး ဦးဇော်မင်း ၊ ဆရာမ ယမင်းရွှေဇင်တို့မှ စာအုပ်ပါ သိမှတ်ဖွယ်ရာ ဗဟုသုတများ၊ကဗျာရသတို့ကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့် လူငယ်မောင်မယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း  (ပြန်/ဆက်)