မင်းဘူး ဒီဇင်ဘာ ၁၈
မင်းဘူးမြို့သည် အေးချမ်းသာယာ၍ တန်ခိုးကြီးဘုရားများနှင့် လေ့လာလည်ပတ်စရာ အထင်ကရနေရာများစွာရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားအများအပြားဝင်ရောက်လျက်ရှိသော မြို့တစ်မြို့ ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး ဧရိယာစတုရန်းမိုင် ၆၄၂ ဒသမ ၇၁ မိုင်ကျယ်ဝန်းကာ အရှေ့မှ အနောက်သို့ ၄၆ မိုင်၊ တောင်မှ မြောက် ၄၂ မိုင် ရှည်လျား၍ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၄ ပေ မြင့်သည် အရှေ့ဘက်တွင် မကွေးမြို့၊ အနောက်ဘက်တွင် ငဖဲမြို့၊ တောင်ဘက်တွင် မင်းလှမြို့နှင့် မြောက်ဘက်တွင် ပွင့်ဖြူမြို့များနှင် နယ်နိမိတ်ထိစပ်လျက်ရှိကာ သာယာဖြောင်ဖြူးသောလမ်းများဖြင့် ဆက်သွယ်ထားပြီး အလွယ်တကူသွားလာနိုင်သည်။ တောင်ကုန်း၊ တောင်တန်းပေါများတာကြောင့် မင်းဘူးမြို့နှင့်မန်းချောင်း၊ ဆားပွက်ချောင်းတို့၏ စိမ်းစိုလန်းဆန်းလျက်ရှိသော သဘာဝရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပေသည်။
မင်းဘူးမြို့နှင့်စကုမြို့ကို ၁၉၇၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစတင်ကာ မင်းဘူး(စကု)မြို့နယ်ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရပ်ကွက်ကြီး ၇ ခု၊ ကျေးရွာ အုပ်စုပေါင်း ၇၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၀ ဖြင့် ဖွဲ့စည်းကာ စေတီပုထိုး ပေါင်း ၂၁၀ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၂၉၈ ကျောင်းရှိပြီး မန်းရွှေစက်တော်၊ ရှင်ပင်စက္ကိန်းတဲ၊ ဓါတ်တော်ကုန်း၊ ထေရ်ကြီး၊ သမုဒ္ဒဂီရိမြစေတီအောက်ကျောင်းနှင့် ရှင်မင်းဘူးဘုရားများအပြင် မင်းဘူးမြို့တွင် ဦးဩဘာသ ပိဋကတ်တိုက်၊ စကုမြို့တွင် မှန်ကင်းရုပ်စုံကျောင်း၊ သုံထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီးကျောင်း၊ ပိဋကတ်တိုက်ကျောင်းနှင့် လယ်ကိုင်းရုပ်စုံ ကျောင်းများမှာ ထင်ရှားလှသော ရှေးဟောင်းသာသနိက အဆောက်အအုံ များအဖြစ် မှတ်တမ်းများဖြင့် ဖော်ပြထားသည်။
ယခုအခါ ဒီဇင်ဘာလမှ ဧပြီလအတွင်း ခရီးသွားရာသီ ဖြစ်သည်နှင့်အညီ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်၊ ရွှေသမင်များအပြင် နို့တိုက်သတ္တဝါ(၁၄)မျိုး၊ ကုန်းနေရေနေ သတ္တဝါ(၄၃) မျိုး၊ လိပ်ပြာမျိုးစိတ်(၃၉)မျိုး၊ ငါးမျိုးစိတ်(၂၂)မျိုး၊ ငှက်မျိုးစိတ်(၁၁၃)မျိုး၊ စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသားများနှင့် အပန်းဖြေကြည့်ရှုလေ့လာခြင်စရာ များစွာရှိတာကြောင့် သာယာလှသောမင်းဘူးမြေသို့ ကမ္ဘာလှည့်ခရီးသွားများ စည်ဝေစွာရောက်လာပေအုံးတော့မည်။
ဇေယျာထက်(မင်းဘူး)