မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် ၅/၆ အနီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၅၀၀)သန်းဖြင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မြန်အောင် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် ၅/၆ အနီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ် (၅၀၀)သန်းဖြင့် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကမ်းပြိုမှုဖြစ်ပွားသောနေရာအား ယနေ့နံနက်က မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးအောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းထိန်းလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီနံရံနှင့်ရေထဲပိုင်း Geo bag ချခြင်းလုပ်ငန်း အလျား ၂၆၀ ပေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ်(၅၀၀)သန်းဖြင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် ၅/၅၊ ၅/၆၊ ၅/၇ အနီးတွင် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး တာခြေနှင့်(၂၀)ပေခန့်နီးကပ်လျက်ရှိကြောင်း၊ မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်နေသော နေရာအနီးရှိရေကာတာမှာ   ၂၀၁၉ ခုနှစ်၌ တာလုံးရွှေ့ခြင်း၊ ပန်းတာတည်ဆောက်ခြင်းဆောင်ရွက်ထားသော ရေကာတာဖြစ်၍ မီးရထားလမ်း၊ မြန်အောင်-ကြံခင်းကားလမ်းမနှင့်နီးကပ်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)