မင်းဘူးမြို့တွင် ကြက်သွန်နီ အများအပြားဝင်ရောက်လျက် ရှိသောကြောင့် တစ်ပိဿာ ကျပ် ၂၀၀၀ အထိကျဆင်း

မင်းဘူး  ဒီဇင်ဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျွန်းထဲမှ ပေါ်စ ကြက်သွန်နီ အများအပြား ဝင်ရောက်လျက်ရှိသောကြောင့် တစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင်သို့ ကျဆင်းလျက်ရှိကြောင်း မင်းဘူးမြို့ ကြက်သွန်ပွဲရုံ ပိုင်ရှင်များထံမှ သိရသည်။

မင်းဘူးဈေးကွက်သို့ လာရောက် ရောင်းချလျက်ရှိသော ကြက်သွန် တောင်သူများသည် ဧရာဝတီ မြစ်ရိုးတစ်လျှောက် ကိုင်းထဲ/ကျွန်းထဲတွင် စိုက်ပျိုးသူများဖြစ်ကြပြီး ဆိတ်ဖြူ၊ ဆင်ဖြူကျွန်းနှင့် စလင်း၊ ရေနံချောင်း ကျွန်းထဲမှ လာရောက်ရောင်းချလျက်ရှိကာ တစ်နေ့လျှင် ပိဿာချိန် ၈၀၀၀၀ ဝန်းကျင်အထိ ရောင်းချ၍ ဝယ်လိုအား နည်းနေသောကြောင့် ယခင် တစ်ပိဿာ ၃၅၀၀/၃၈၀၀ ဈေးမှ ယခုအခါ တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးအထိ ကျဆင်းခဲ့သည်။

ထိုသို့ ကြက်သွန်ဈေး ကျဆင်းရခြင်းမှာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူနှင့် မုံရွာမြို့များမှ အဝယ်ဒိုင်ကြီး များသည် နေရာဒေသနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေသောကြောင့် မြန်မာနိုင်ငံအတွင်းမှ မြို့များနှင့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ နိုင်ငံများသို့သယ်ပို့ ရောင်းချနိုင်သော်လည်း မင်းဘူးမြို့မှ အဝယ်ဒိုင်များသည် မင်းဘူးခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်၊ အိန္ဒိယနိုင်ငံများသာ တင်ပို့နိုင်သဖြင့် ဝယ်လိုအားနည်းပြီး ရောင်းအားများ နေသဖြင့် ကြက်သွန်ဈေးများ ကျဆင်းလာခြင်းဖြစ်ကြောင်း ကြက်သွန် အဝယ်တော် ကိုသာပေါက ပြောပြ၍ သိရသည်။

ဇေယျာထက်(မင်းဘူး)