ပေါက်ခေါင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့က ပေါက်ခေါင်းမြို့ရှိ ကုန်စုံဆိုင်များတွင် အေးခဲအသားများ ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များသည် မြို့ပေါ်ကုန်စုံဆိုင်များတွင် ရက်ကာလ ကြမြင့်စွာ သိုလှောင်ထားသော အေးခဲအသားများ ရောင်းချခြင်းရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အသားလိပ်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်းအမှတ်သားများ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဈေးဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)