တနင်္သာရီ ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား လမ်းလျှောက်ခြင်း အားကစားအကြောင်းနှင့် အကျိုးကျေးဇူးများဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ်အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပြုလုပ်ပေးခဲ့သည်။
၎င်းအသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများအနက် ငွေကုန်သက်သာ၍ သက်တောင့်သက်သာရှိပြီး အကျိုးများသည့် လမ်းလျှောက်ခြင်း အလေ့အထကို လူကြီး၊ လူလတ်၊ လူငယ်များပါမကျန် နေ့စဉ်နာရီဝက်ခန့် (သို့)အနည်းဆုံး(၃)မိုင်ခရီးကို လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အလားတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က နေ့စဉ်နာရီဝက်ခန့် လမ်းလျှောက်ခြင်းကြောင့် ခရီးရှည်သွားနိုင်ခြင်း၊ အလုပ် အကိုင်အတွင်း အပင်ပန်းပင်ပန်းခံနိုင်၍ လို့လထုတ်နိုင်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကောင်းစွာ အစာကြေကျက်ခြင်း၊ သမာဓိစိတ်၏ တည်ကြည်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ အထောက်အကူပြုခြင်း၊ ဆီးချိုသွေးချိုရောဂါ ကုသရာတွင် အထောက်အကူပြုခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားများ သန်စွမ်းစေခြင်းနှင့် ဦးဏှောက်နှင့် အာရုံကြော အားကောင်းစေခြင်း၊ အိပ်ပျော်စားဝင်စေခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကို မြင့်တက်စေပြီး ရောဂါပိုးမွှားရန်မှ ကာကွယ်ပေးခြင်း၊ သက်ရှည်နုပျိုကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ကို လျော့ချစေခြင်း စသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားရရှိမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပေးသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)