ဘုတ်ပြင်း၊ စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ပုလဲရွှေရည်ခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မဲဆွယ်စည်းရုံးရေးကာလတွင် ညွှန်ကြားချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဇင်မာထွေးက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ ကြေညာချက်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ် စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထွန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်ချက်များ၊ အချိန်၊ နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ အမိန့်လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
တက်ရောက်လာကြသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်လောင်းများက သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)