ပခုက္ကူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နိုဝင်ဘာလ(တတိယပတ်)မှစတင်ပြီး ဆောင်းကြက်သွန်နီများ ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။
“ဆောင်းကြက်သွန်နီများကို နိုဝင်ဘာလ(တတိယပတ်)မှစတင်ကာ ရှစ်ဧကကျော်ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်ပျိုး စေ့တစ်ပြည်ကိုငွေကျပ်(၂၅၀၀၀)နှုန်းဖြင့်ဝယ်ယူကာ ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်နီစိုက်ခင်း တစ်ဧကထွန်ယက်စိုက်ပျိုးနိုင်ရန်အတွက် နွားတစ်စင်းကိုငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် နွား(၁၀)စင်းခန့်ငှားရမ်းရကြောင်း၊ ဓာတ်မြေဩဇာထည့်သွင်းအသုံးပြုစရိတ်ငွေကျပ်(၃၂၀၀၀၀)၊ ပေါင်းသတ်ဆေးအသုံးစရိတ်ငွေကျပ်(၁၅၀၀၀၀)၊ ပေါင်းသင်ခ အဖြစ် နေ့တစ်ဝက်အတွက် လူတစ်ဦးလျှင်ငွေကျပ်(၄၀၀၀)နှုန်းဖြင့် တစ်နေကုန်လုံးအတွက် လူငါးဦးငှားရမ်းအသုံးပြုရပြီး သုံးရက်ကြာငှားရမ်းရကြောင်း၊ စိုက်ပျိုးကာလတွင် လူတစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် လူဦးရေ(၂၀)ကျော် ငှားရမ်းရ ကြောင်း၊ ရေသွင်းစိုက်ပျိုးခြင်းဖြစ်သောကြောင့်တစ်နေ့လျှင် ဆီတစ်လီတာခန့်ကုန်ကျပြီး ဆီတစ်လီတာကိုငွေကျပ် ၂၃၀၀ နှုန်း ဖြင့်ဝယ်ယူပြီး သုံးလကြာရေသွင်းရကြောင်း၊ ယခုနှစ်အတွက် အရင်းအနှီးစုစုပေါင်းငွေကျပ် ကိုးသိန်းနီးပါးခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် စတင်နှုတ်ယူနိုင်ပြီး ယခင်နှစ်တွင် တစ်ဧကလျှင် ထွန်ယက်စိုက်ပျိုးပြီးချိန်မှနှုတ်ယူချိန်အထိ ငွေကျပ်(၁၀)သိန်းကျော်ကုန်ကျကာပိဿာချိန်(၄၅၀၀)ခန့်ထွက်ရှိပြီး တစ်ပိဿာလျှင်ငွေကျပ်(၄၅၀၀)မှ(၅၀၀၀)အထိ ရောင်းချ ရသောကြောင့် အမြတ်ငွေသိန်း(၂၀)ကျော်ရှိကြောင်း ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် ကြက်သွန်နီ(ချောင်းစိုက်) စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူ ဦးသောင်းအေးက ပြောပြသည်။
အဆိုပါဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် ချောင်းစိုက်ကြက်သွန်နီ(၅၃)ဧကကျော်နှင့်ကုန်းစိုက်ကြက်သွန်နီ(၁၄) ဧကကျော်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခင်နှစ်ထက်အမြတ်ငွေပိုမိုရရှိရန် မျှော်လင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)