မြင်းမူ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် အရေးပေါ် စောင့်ကြည့်လူနာသုံးပစ္စည်းများ ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
အရေးပေါ် စောင့်ကြည့်လူနာများအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများဝယ်ယူရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြတောင်းခံခဲ့ရာ၊ ခွင့်ပြုငွေရရှိခဲ့သဖြင့် ယခုကဲ့သို့ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူကာ ကျန်းမာ ရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာ လွင်ထံမှ သိရှိရသည်။
ယင်းဆေးရုံသုံး ပစ္စည်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်တို့က မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာ ကေသီခိုင်ထံ လွှဲပြောင်းပေးအပ်ရာ ဒေါက်တာ ကေသီခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထောက်ပံ့ပေးအပ်သော ပစ္စည်းများမှာ ကလေးအရွယ်သုံး ချွဲစုပ်စက်(၁)လုံး၊ လူကြီးသုံး ချွဲစုပ်စက် (၁) လုံး၊ အောက်စီဂျင်ပေးစက်(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အလိုအလျှောက် သွေးပေါင်ချိန်တိုင်းစက် (၅) ခုနှင့် အောက်စီဂျင်ပမာဏတိုင်းစက် (၅) ခုတို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းပစ္စည်းများဝယ်ယူရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၂၇,၅၀၀၀၀) ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)