ညောင်တုန်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝဲဒေါင့်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာယီအတွင်းရေးမှူး ဒုတိယရဲမှူးသီဟကျော် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ လူဦးရေတိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူမှုများ၊ နိုင်ငံတော်မူဝါဒများ၊ လမ်းညွှန်ချက်များကို အကောင်ဖော်ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန် ပြန်ကြားပေးခြင်း၊ ပြသပေးခြင်းများ၊ သတင်းထုတ်ပြန်ပေးမှုများ၊ လူငယ်လူရွယ်များ အင်တာနက်စာမျက်နှာများမှ သတင်းအတု၊ သတင်းမှားများကို အလွယ်တကူမယုံကြည်ကြစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားသိမြင်စေရန်၊ အမုန်းစကားနှင့် ပြတ်သက်သောအကြောင်းအရာများ၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလယ်ယာကဏ္ဍအတွက် သင်တန်းပေးခြင်းများ၊ စက်ပစ္စည်းရောင်းချပေးနေမှုများစသည့် ကဏ္ဍအလိုက်ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ ဆက်)