ပခုက္ကူ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ဖွင့်လှစ်ပို့ချသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်ကြက်ခြေနီအသင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသမိုင်းအကြောင်း၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ သင်ကြားပေးမည့်ဘာသာ ရပ်များအကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားကာ တက္ကသိုလ်၊ပင်မဆောင်(M-306)ခန်းမ၌ သင်တန်းသား၊ သင်တန်းသူများအား သင်တန်း ဆက်လက်ပို့ချပေးသည်။
အဆိုပါသင်တန်းကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၁၇ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သင်တန်းသား၊သင်တန်းသူဦးရေ(၂၃၆)ဦးတို့ကို လူဦးရေ အကန့်အသတ်ဖြင့်သုံးသုတ်ခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပခုက္ကူခရိုင်ကြက်ခြေနီအသင်းကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၊ မြို့နယ်ကြက် ခြေနီအသင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းနိုင်တို့၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ(၈)ဦးတို့က“ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ လူနာစစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်းနှင့် သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းနှင့်ထိခိုက်ဒဏ်ရာရရှိခြင်း၊ အခြေခံအသက်ကယ်နည်း၊ လူနာကိုင်ဆောင်နည်းနှင့်သယ်ဆောင်နည်း” စသည့်အခြေခံရှေးဦးပြုစုနည်းဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူ(လူငယ်)များအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းဘာသာရပ်များကို စနစ်တကျသင်ကြားလေ့လာခြင်းဖြင့် လူမှုရေးနှင့် ပရဟိတလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချနိုင်စေရန်၊ အနာဂါတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ရမည့် ကျောင်းသား၊ကျောင်းသူ(လူငယ်)များ ကိုယ်တိုင်လူမှုအကျိုးပြုလုပ်ငန်းများ၌ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်စေရန်တို့အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)