ဘားအံမြို့တွင်  စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေးတိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးသို့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တက်ရောက်  

ဘားအံ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရေးအလုပ်ရုံဆွေးနွေးကို ယမန်နေ့ နံနက်ပိုင်းက Hotel Perfect ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် “စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲသည့်အခါ ဘေးကင်းလုံခြုံစိတ်ချမှုရှိ‌‌စေရေးနှင့် စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူများအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဥပဒေပြဌာန်းပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးကြီးကြီးနှင့် အမြတ်အစွန်းများများရဖို့ ရည်ရွယ်ထုတ်လုပ်ရောင်းချခြင်းထက် အရည်အသွေးကောင်းကောင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်း မှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်း ”ပြောကြားသည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က စက်မှု လုပ်ငန်းနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းမှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့် အချက် များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ကုန်ပစ္စည်းနမူနာများအား ဓာတ်ခွဲဆောင်ရွက်ပေးနေမှုအခြေ အနေများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းဝင့်က ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် သန့်ရှင်းသောထုတ်လုပ်မှု ကျင့်စဉ်များကိုလည်းကောင်း၊  မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မောင်အုန်းက အရည်အသွေးမြင့် ပစ္စည်းများ ပြည်ပနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စျေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်ရောက်ရှိပြီး ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့် စားသူသုံးများ ဘေးအန္တရာယ် ကင်းရှင်းစေရေးထုတ်ကုန်အရည်အသွေး တိုးမြှင့်နိုင်ရန်အတွက် ဆောင်ရန်ရှောင်ရန်များကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရာက်လာသူများက သိရှိလိုသည်များပြန်လည် မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်