ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်မူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ အောင်လံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲဝင် သားငယ် သမီးငယ်လေးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အလွတ်ပြေး(ကျား) အပြေးပြိုင်ပွဲ၊ အလွတ်ပြေး(မ) အပြေးပြိုင်ပွဲ၊ အာလူးကောက်(မ)ပြိုင်ပွဲ၊ ဖိနပ်စီး(ကျား)ပြိုင်ပွဲ၊ ဝက်အူရစ် (ကျား)ပြိုင်ပွဲ၊ အရောင်တူပိန်ပေါင်သယ်(မ)ပြိုင်ပွဲ၊ အင်္ကျီဝတ်(ကျား)ပြိုင်ပွဲ၊ မုန့်စား(ကျား)ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်(ကျား)ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်(ကျား)ပြိုင်ပွဲ၊ စကောရွက်(မ)ပြိုင်ပွဲ အလှပြင်(မ)ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ သားငယ်၊ သမီးငယ်(၇၀)ဦးမှ ပျော်ရွှင်စွာပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား အောင်လံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးနှင့်ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုရရှိသည့် ရင်သွေးငယ်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ ဆက်)