ပွင့်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ သီးနှံဧက ၂၄၄၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိရာ ယခုအခါ ဝါသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ဝါများဆွတ်ခူးရောင်းချနေရပြီး ယခင်နှစ်ကထက် ဝါဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက ဇွန်လအတွင်း ရွာသွန်းခဲ့သည့် မိုးဦးမိုးဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ ဒေသခံတောင်သူ တစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးသည့် တောင်သူများကို မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးဖြန့်ဖြူးဆောင်ရွက်ပေးသည့်အပြင် စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး ပံ့ပိုးကူညီပေးခြင်း ၊ တောင်သူများကိုယ်တိုင် ချည်မျှင်ရှည်ဝါသီးနှံ မျိုးကောင်းမျိုးသန့်များ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ် နိုင်ရေး မျိုးစေ့ထုတ်နည်းစနစ်များကို အသိပညာပေးခြင်းများကို နယ်မြေအလိုက် တာဝန်ခံကွင်း ဝန်ထမ်းများက စိုက်ပျိုးသည့် လယ်မြေများအရောက် ကွင်းဆင်းပြီး တောင်သူအသိပညာပေး လုပ်ငန်း များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
" ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါသီးနှံကို တစ်မြို့နယ်လုံး ၂၄၄၉ ဧက လျာထား ဆောင်ရွက်ထားရှိပါတယ်။ ယခုဒေသခံတောင်သူတွေ မိုးဦးမိုးနဲ့ စိုက်ပျိုးခဲ့တဲ့ ဝါသီးနှံစိုက်ခင်း တွေက အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဝါများကို ဆွတ်ခူးရောင်းချနေရပြီဖြစ်ပါတယ်။ ဝါအထွက်နှုန်းအနေနဲ့က တစ်ဧက ပိဿာချိန် ပျမ်းမျှ (၅)ပိဿာလောက် ထွက်ရှိပါတယ်။ ဝါဈေးနှုန်း ကတော့ ပြီးခဲ့တဲ့နှစ်က ဝါတစ်ပိဿာကို ငွေကျပ် ၂၅၀၀ ဈေးနဲ့ ရောင်းချရတယ်။ ဒီနှစ်တော့ ဝါတစ်ပိဿာကို ငွေကျပ် ၃၀၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်။ ပြီးခဲ့တဲ့နှစ်ထက်ဝါဈေးပိုရတော့ ဒေသခံတောင်သူတွေအတွက် ပိုပြီးအဆင်ပြေတာပေါ့။ ကျွန်မတို့ဒေသမှာ တောင် သူတွေ အစိုက်များတဲ့ ဝါးမျိုး တွေကတော့ ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) ဝါမျိုးများကို အားထားစိုက်ပျိုးကြပါ တယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ကန်ပြည့်ကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျွဲတိကျေးရွာ၊ ကုလားဟောင်းကျေးရွာနှင့် ရေပုတ်ကလေး ကျေးရွာတို့တွင် စိုက်ပျိုးကြကြောင်းသိရပြီး ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဝါသီးနှံ စိုက်ခင်းများမှာ ယခုအခါ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရပြီး ယခင်နှစ်ကထက် ဝါသီးနှံဈေးကောင်းရရှိ၍ သီးနှံဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)