မြိတ် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်အား ကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားသမားအချင်းချင်း သွေးစည်းညီညွှတ်မှု၊ စိတ်ဓါတ်ကောင်းမွန်မှု၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရန်အတွက် (၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်အားကစားခန်းမတွင် စတင်ကျင်းပသည်။
ပြိုင်ပွဲကို တိုင်းရင်းသားညီအစ်ကို မောင်နှမများ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်၊ အားကစားပြိုင်ပွဲများကို စနစ်တကျ ပါဝင်ယှဉ်ပြိုင်တတ်စေရန်၊ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည့် သားကောင်းရတနာများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးအစိုးအရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိတ်ခရိုင် ကရင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲများကိုတနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ ရှေးဦးစွာ ဘော်လီဘောပြိုင်ပွဲ စတင်ခဲ့ကြ၍ ပြိုင်ပွဲတွင် ရှမ်းချောင်း(မြိတ်)အသင်းနှင့် ဒုံးပုလဲအော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ ကြသည်။
ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ(၁၇) ရက်မှ(၂၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၈)သင်း ပြိုင်ပွဲဝင်အား ကစားသမား(၈၀)ဦးနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၉)သင်း ပြိုင်ပွဲဝင်အားကစားသမား(၄၅)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ ဆုရရှိကြမည့် အားကစားသမားများအား ၂၇၆၂ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)