သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တုတ်ကိုင်းကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

သရက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တုတ်ကိုင်းကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တုတ်ကိုင်းကျေးရွာဘုန်း​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အတွက် ဌာနဆိုင်ရာများနှင့်အတူ တုတ်ကိုင်းကျေးရွာမှ ပြည်သူများအား ကွင်းဆင်းတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိတို့ကျေးရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက်  ကျေးရွာပြည်သူများ၏ ကျေးရွာ ရွာလယ်လမ်း ကွန်ကရစ်ခင်းနိုင်ရေး၊ ဆည်ပြုပြင် ရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာတွင်း ရေပေးဝေရေးလုပ်ငန်း တင်ပြမှုများအပေါ် ဆည်မြောင်းဦးစီးဌာန၊ မြန်မာ့လျှပ်စစ်လုပ်ငန်းနှင့် သက်ဆိုင်ရာဌာနများမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့​နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။     

 

ခရိုင်(ပြန်/ဆက်)