ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၁၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ဘောလုံး အားကစားကွင်း ၌ ကျင်းပသည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မွန်းလွဲ၃နာရီအချိန်က ရုက္ခဗေဒဌာနနှင့် သင်္ချာဌာနမှ ကျောင်းသားများ ပါဝင်သော ညွန့်ပေါင်း(ခ)အသင်းနှင့် ဓာတုဗေဒဌာနနှင့် ရူပဗေဒဌာနမှကျောင်းသားများပါဝင်သော ညွှန့်ပေါင်း(က)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ  ပွဲချိန်မိနစ်(၉၀)အတွင်း တစ်ဘက်တစ်ဂိုး စီဖြင့်သရေကျသောကြောင့် ပင်နယ်တီအဆုံးဆက်လက်ခံယူကြရာ ညွှန့်ပေါင်း(ခ) အသင်းက ညွှန့်ပေါင်း(က)အသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ပထမဆု၊ဒုတိယဆုများ၊ ဆုငွေနှင့်လည်ဆွဲ ကြေးတံဆိပ်များ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ (ဂိုး၊နောက်တန်း၊အလယ်တန်း) အားကစားသမားအကောင်းဆုံးဆုနှင့် သွင်းဂိုးအများဆုံး သမားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အထူးပြုဘာသာရပ်ပေါင်းစုံက ညွှန့်ပေါင်းအသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ နိုင်ငံတော်က အားကိုးယုံကြည်ရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန်၊ အားကစားသမားများ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းရွတ်နိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)