ပွင့်ဖြူ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က လယ်ကိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၇၇)ရှိ တောင်သူဦးသန်းထွန်း၏ ဧရာမင်းမိုးစပါးစိုက်ခင်း ၈ ဒဿမ ၂၄ ဧကအတွင်း ရိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းက မိုးစပါးစံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ မြို့နယ်အလိုက် စပါးအထွက်နှုန်းများကို စနစ်တကျ မှတ်တမ်းတင်နိုင်ရေး ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက တောင်သူများ စပါးအထွက်နှုန်းတိုးပွားရေးနှင့် ရာသီအလိုက် ဆက်လက်စိုက်ပျိုးသွားမည့် သီးနှံများအကြောင်းကို တောင်သူပညာပေး ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်း/ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများက ကွင်းအမှတ် (၉၇၇)ရှိ တောင်သူ ဦးသန်းထွန်း၏ ဧရာမင်းမိုးစပါခင်း၊ စိုက်ဧက ၈ ဒဿမ ၂၄ ဧကအတွင်း၌ ၆ ဒဿမ ၆ ပေပတ်လည်စံကွက် သုံးကွက်ကို ဝိုင်းဝန်းရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း စပါး(အစို) ၁၀၀ ဒသမ ၉၁ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဧကပေါင်း ၆၉၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ မိုးစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ရာ စပါးအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)