ပခုက္ကူ ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး အိပ်ဆောင်အလိုက် Myanmar Fitness Dance ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် အားကစားရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “အဆင့်မြင့်တက္ကသိုလ် ပညာရပ်များ လာရောက်ဆည်းပူးကြသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပညာဘာသာရပ်များ၊ သုတေသနဆိုင်ရာများကို သင်ကြားပေးသည့်အပြင် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေးအတွက် အားကစားပြိုင်ပွဲများ အစဉ်ကျင်းပပေးလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲကို ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် တက္ကသိုလ်၏အကျိုးမှသည် နိုင်ငံတော်၏အကျိုးကို ဝိုင်းဝန်းဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ အိပ်ဆောင်အလိုက် ကျောင်းသူပြိုင်ပွဲဝင်အသင်းများမှ အကအဖွဲ့တစ်ဖွဲ့လျှင်(၉) ယောက်တွဲစီဖြင့် Myanmar Fitness Dance ကကွက်များကို သရုပ်ပြတင်ဆက်ယှဉ်ပြိုင်ကြရာ ခေတ္တာအိပ်ဆောင် အကအဖွဲ့က ပထမဆုဆွတ်ခူးရရှိသည်။ ယင်းနောက် ပခုက္ကူတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက အိပ်ဆောင်အလိုက် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့် Myanmar Fitness Dance ကြီးကြပ်သူဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)