ငဖဲ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ဆုံကုန်းကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မိမိတို့၏အိမ်ခြံမြေဝန်းအတွင်း တစ်ပိုင်တစ်နိုင် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ကွမ်းနုဝါပင်များနှင့် ခရမ်းချဉ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း သိရသည်။
မိမိအိမ်ဝိုင်းအတွင်း အရှေ့ဘက်တွင် ကွမ်းနုဝါအပင်ပေါင်း ၈၀၀ ကျော် စိုက်ပျိုးထားပြီး ကွမ်းနုဝါပျိုးပင်များကို တစ်ထောင်ကြား စိုက်ပျိုးကာ ပျိုးပင်သက်တမ်း ၂လရောက်လျှင် စပြီး အပင်သန့်ရှင်းရေး ပြုလုပ်ပေးရကြောင်း၊ အပင်သက်တမ်း တစ်နှစ်ကျော်ရှိ၍ နေ့စဉ်ပျမ်းမျှ အချိန် ပိသာ ၁၀ ခန့် စတင် ခူးဆွတ်ရောင်းချနေရကြောင်း၊ ကွမ်းများကို ပဒါန်းကျေးရွာ၊ လက်ပံတံခါးကျေးရွာများသို့ ဖောက်သည်ဈေးဖြင့် ယာကွမ်းတစ်ပိသာလျှင် ငွေကျပ် ၂၅၀၀ နှုန်း၊ ကွမ်းရွက်အသေးတစ်ပိသာလျှင် ငွေကျပ် ၁၂၀၀ နှုန်းဖြင့် ကွမ်းဈေးအတက်အကျပေါ်မူတည်ပြီး တစ်နေ့ပျမ်းမျှ နှစ်သောင်းမှ သုံးသောင်းခန့်ထိရရှိ၍ အဆင်ပြေကြောင်း၊ အနောက်ဘက်တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ၉၀၉ မျိုးကို မျိုးစေ့ ၇ ထုပ်ကျ စိုက်ပျိုးထားရှိပြီး အသီးများကုန်အောင် ခူးဆွတ်ရောင်းချပြီးဖြစ်၍ အနည်းငယ်ခန့်သာ ကျန်ရှိကြောင်း၊ ခရမ်းချဉ်သီးများ ရောင်းချရငွေ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ရောင်းချရပြီးဖြစ်ကြောင်း၊ မိမိအိမ်ခြံမြေဝန်းအတွင်း ခရမ်းချဉ်နှင့် ကွမ်းနုဝါပင်များကို နှစ်စဉ် ရာသီအလိုက် အဓိက စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူ ဦးသန်းဝင်းက ပြောကြားသည်။
ငဖဲမြို့နယ် ဆုံကုန်းကျေးရွာတွင် ကွမ်းနုဝါများစိုက်ပျိုးရောင်းချသူ တောင်သူ ၄ ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)