ထန်းတပင်မြို့ပေါ်ရှိဆေးအရောင်းဆိုင်များစံနှုန်းနှင့်မညီသော ဆေးများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ထန်းတပင်(ပဲခူး)ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိဆေးအရောင်းဆိုင်များအား စံနှုန်းနှင့်မညီသောဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါကွင်းဆင်းရေးပူးပေါင်းအဖွဲ့သည် စျေးကွက်အတွင်း ကျန်းမာရေးရှုထောင့်၊ စားသုံးသူရှုထောင့်ဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဆေးအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပေးပြောကြားခဲ့ကြကြောင်းသိရသည်။

ထန်းတပင်မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားခြင်း၊ မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များနှင့် လူသုံးကုန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)