ပွင့်ဖြူ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပဲကြီးသီးနှံ ဧက ၂၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံဧက ၂၅၆၈ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက နိုဝင်ဘာလဆန်းပိုင်းက စတင်၍စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလဒုတိယပတ်တွင် ပဲကြီးသီးနှံ ၂၄၈၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
" ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲကြီးသီးနှံ တစ်မြို့နယ်လုံး စိုက်ဧက ၂၅၆၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါတယ်။ သတ်မှတ်လျာထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူတွေကိုလည်း စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားပါတယ်။ ပဲကြီးသီးနှံ စိုက်ပျိုးခြင်း ကိုတော့ နိုဝင်ဘာလ ပထမပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယခု ဒီဇင်ဘာလ ဒုတိယပတ်မှာ စိုက်ဧက ၂၄၈၂ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်မှာ ပဲကြီးသီးနှံ စိုက်ပျိုးရေးကို ဆောင်းသီးနှံအဖြစ် တောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် သီးနှံပေါ်ချိန်မှာ ဈေးကောင်းရရှိဖို့ပဲ တောင်သူတွေက မျှော်လင့်နေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေဖူလုံစွာ ရရှိသည့်အတွက် နှစ်စဉ် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်လည်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်ပြီး ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံစိုက်ဧက ၃၉၇၁၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )