ဂန့်ဂေါမြို့နယ်တွင် မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ဂန့်ဂေါ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိသည်။               

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှစ၍ အသက်(၅)နှစ်အောက် ကလေးသူငယ်များကို ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန် အဆုပ်ရောင်(ပီစီဗီ)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်းနှင့် ပိုလီယိုအစက်ချ ဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။   

ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ လစဉ်ပုံမှန် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ယော)