ပေါင်းတည် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ဆယ်ရေး သဏ္ဍာန်တူ စုပေါင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီ က ကြူတောကန်အုပ်စု နတ်ပုတီးကျေးရွာတွင် ပြုလုပ်ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ပြည်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများက ပေါင်းတည်မြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သရုပ်ပြအင်အား စုစုပေါင်း ၂၀၀ ခန့်ဖြင့် စုဖွဲ့ကာ အဖွဲ့အလိုက် တာဝန်ကိုယ်စီ ခွဲဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်း ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)