လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မြို့သစ်  ဒီဇင်ဘာ ၁                                                                                    

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်း၍ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် မြို့နယ်အတွင်း ကျေးရွာများသို့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများ တစ်လျှောက်ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာက အနီးကပ်ကြီးကြပ်ကာ လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က ဖြစ်ပွားနိုင်သည့် လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများလျော့နည်းကျဆင်းရေး၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက်မြို့သစ်မြို့၊ မြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်အတွင်းကျေးရွာများသို့ ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကာ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသောကြွေသီးများ အစားထိုးအသစ်လဲလှယ်ခြင်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသည်။

မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့်ဒေသခံပြည်သူများ လျှပ်စစ် ဓာတ်အားပြည့်ဝစွာသုံး စွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက်  မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန်အတွက် စဉ်ဆက် မပြတ်ကွင်းဆင်းစစ်ဆေးပြီး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြု ရန်ပုံငွေဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံက သိရသည်။

သန်းဝင်းထွန်း( ပြန်/ဆက်)