မြိတ် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် ကလွင်-ရေပုန်း ကက်သလစ်ခရစ်ယာန် ပရဟိတဂေဟာ၌ ဖွင့်လှစ်ခဲ့သော ကရင်ရိုးရာ ယဉ်ကျေးမှုအကသင်တန်းကို ယနေ့နေ့လယ်ပိုင်းက အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထိုနောက် သင်တန်းနည်းပြ ဆရာမကြီး နော်အေးအေးလွင်က ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးက အကနည်းပြ ဆရာမကြီးအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်ကစကား ပြန်လည်ပြောကြားသည်။
ကရင်တိုင်းရင်းသား ရိုးရာအကများထဲမှ ရှေးယခင်ကတည်းကရှိပြီး ထင်ရှားလာသည့် ဝါးထောင်းအကနှင့် ကြိုးကျစ်အကကို ကရင်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် မြိတ်မြို့ ကလွင်-ရေပုန်း ကက်သလစ် ခရစ်ယာန် ပရဟိတဂေဟာတွင် ကရင်တိုင်းရင်းသား ကျောင်းသား/သူ (၃၀) ဦးအား အကနည်းပြအထက်တန်း ကျောင်းအုပ် (အငြိမ်းစား) ဆရာမကြီးက ဒီဇင်ဘာ (၁) ရက်နေ့မှ ယနေ့ထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးအရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြိတ်ခရိုင် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံရှိပြီး တိုင်းရင်းသားပေါင်းစုံတွင် ရိုးရာ/ လူမျိုး /ယဉ်ကျေးမှုများ ပိုင်ဆိုင်ထားကြကာ တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် ပြန်လည်ဖော်ထုတ်ရန် အများကြီးလိုအပ်ကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများတွင် နေရာဒေသများ အလိုက် အကအမျိုးမျိုးကို ကျင်းပလျက်ရှိကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်