တောင်ငူ ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့မွန်းလွဲပိုင်း က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေ တို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ ကျား/မ အခြေပြုအကြမ်းဖက်မှု၏ အဓိပ္ပာယ်၊ အကြမ်းဖက်မှု အမျိုးအစားများနှင့် ဖြစ်ပွားရခြင်း၊ အကြောင်းအရင်းများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုဖြစ်ပွားပါက ဆက်သွယ်တိုင်ကြားရမည့် နည်းလမ်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်ပြည်သူ့စာကြည့်တိုက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook Page မှ တစ်ဆင့် တင်ဆက်မည်ဖြစ်ပြီး ပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)