အုတ်တွင်း ဒီဇင်ဘာ ၁၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ ယနေ့နံနက်ပိုင်း က အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိမှတ်ဖွယ်ရာများ၊ လွတ်လပ်ရေးနေ့ သစ္စာအဓိဌာန်(၉)ချက်၊ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်၊ အမျိုးသားညီညွတ်ရေး၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များစသည့် သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းဆိုင်ရာ အတ္ထုပ္ပတ္တိ မှတ်တမ်းများနှင့် ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများ ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများမှ ဦးဆောင်၍ ကျောင်းသား ကျောင်းသူများအား အားကစားနည်း (၃)မျိုးဖြင့် ပြိုင်ပွဲများကျင်းပပေးပြီး ဆုရရှိသူများကို တစ်ဦးချင်းအလိုက် ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)