မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မင်းလှ  ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းရှိ ဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများအန္တရာယ် ကင်းစိတ်အေးချမ်သာစွာဈေးရောင်း ဈေးဝယ်ခြင်းများ ဆောင်ရွက်ကြစေရန်နှင့် ဈေးသူဈေးသားများ၏ မိသားစုစီးပွားရေးလုပ်ငန်းများအား အစဉ်ကြည့်ရှုစောင့်ရှောက်ရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် နာရီချိန်က မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မီးဘေးကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေး အမူဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့် ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တာဝန်ခံ ဦးစိန်ဝင်းတို့ ပူးပေါင်းကာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ကားများဖြင့် သရုပ်ပြရေဖြန်းမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးလက်တွေ့ အသုံးပြုပြသခြင်း၊ ဂက်(စ်)မီးငြိမ်းသတ်နည်းတို့ကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့သည်။

အဆိုပါ သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ပေါက်စ (မင်းလှ)