ငပုတောမြို့၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ စေတနာရှင် သွေးအလှူရှင်စုဆောင်ရေး အသိပညာပေး အခမ်းအနား ကျင်းပ

ငပုတော ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ စေတနာရှင် သွေးအလှူရှင်များ စုဆောင်းရေး အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)မှ မြို့နယ်တပ်ခွဲမှူး ဦးသန့်ဇင်ဦးမှ ကျေးရွာအုပ်စုများမှ သွေးအလှူရှင်များ ပေါ်ပေါက်လာစေရေး၊ လူသားတစ်ဦးအတွက် သွေးသည်အလွန်အရေးကြီးကြောင်းနှင့် သွေးအလှူရှင်များ လိုက်နာရမည် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ အရေးပေါ်လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်ကြက်​ခြေနီအသင်း(ခွဲ)တွင် အသင်းသားအဖြစ် ဝင်ရောက်လိုသူများနှင့် ရာသက်ပန် အသင်းသားများအဖြစ် ဝင်ရောက်လိုသူများကို မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော)