နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းနေကြာနှင့် ပဲတီစိမ်းစိုက်ဧကများအတွက် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးသွားမည့် လုပ်ငန်းစဉ်သည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး Quick Wins ဖြစ်ပေါ်စေသည့် စီမံချက်တစ်ခုဖြစ်၍ မြို့နယ်အလိုက်အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေစပါးရာသီတွင်လည်း လိုအပ်သောမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုများကို ထပ်မံပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် စာရင်းဇယားအချက်အလက်များအပေါ် အခြေခံပြီးဆောင်ရွက်ရသဖြင့် မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးသည့်ဧကများ၊ အထွက်နှုန်းများအား တိကျမှန်ကန်စေရန်လိုအပ်ကြောင်း၊ တောင်သူများ စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာစေရေး၊ အစေ့ချစိုက်နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရေးတို့အတွက် အသိပညာပေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမှာဖြစ်သလို မိမိတို့အစိုးရအဖွဲ့မှလည်း မြို့နယ်အလိုက် Drum Seeder များဖြန့်ဝေပေးထားပြီး ဖြစ်သလို မြေဖွပေါင်းရှင်းစက်များလည်း ထပ်မံပံ့ပိုးပေးသွားမှာ ဖြစ်ကာ ဆောင်းနေကြာနှင့်နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ရေရရှိရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲတီစိမ်း၊ ဆောင်းနေကြာနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းစဉ်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက်(၂)သီး၊ (၃)သီးတိုးချဲ့စိုက်ပျိုးသွားမည့် စီမံချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)