ပေါက်ခေါင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ စာပေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ အမျိုးစားများနှင့်ဆုချီးမြှင့်ပေးရန်အတွက် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်လူမှုရေးအသင်းအဖွဲ့များအား ခေါ်ယူ၍(ဒုတိယ)အကြိမ် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပါရန် မှာကြားသည်။
ယင်းနောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီးစီးမှု၊ အားကစားပြိုင်ပွဲ အမျိုးအစားများအဖြစ် ဖိတ်ခေါ်ဘော လီဘောနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအဖြစ်ခေါင်းအုံးရိုက်၊ လွန်ဆွဲပွဲ၊ အိတ်စွပ်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို သက်ဆိုင်ရာကော်မတီများအလိုက် ပြောကြားကြသည်။ ဆက်လက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆွေးနွေးကြရာမြို့နယ်အတွင်း ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ရေရရှိရေးအတွက် မီးသတ်ရေလှောင်ကန်များတွင် ရေဖြည့်ထားရှိမှု၊မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးနှင့်ပက်သက်၍ စနစ်တကျကြိုတင်ကာကွယ်ထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းပြေကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)