ကသာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် U-19 ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့ပေါ်အ.ထ.ကကျောင်းများနှင့် အ.လ.ကကျောင်းများမှ ပိုက်ကျော်ခြင်းအသင်း(၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပတ်လည်ကစားပွဲပြိုင်ပွဲတွင် အ.ထ.က-၁(ခ) အားကစားအသင်းနှင့် အ.ထ.က(ခွဲ)လ-၁ (က) အားကစားအသင်း(၂) သင်းတို့ကဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်ရာ အ.ထ.က-၁ (ခ)အားကစားအသင်းက အနိုင်ရရှိကာ ပထမဒိုင်းဆုဖလားကို ဆွတ်ခူးသွားခဲ့ပြီး ကသာခရိုင် Freedom Fitness Dance အဖွဲ့မှ Fitness Dance အကများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်အ.ထ.က ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများက ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်များတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)