မုံရွာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးရေးနှင့် ထင်ရှားသည့်ခရီးစဉ် ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်လည်ပတ်ကာ အလွှာအသီးသီးမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိ စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏(၁၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ဟိုတယ်/ခရီးသွား လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန်အတွက် ရည်ရွယ်၍ ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ယခုလိုအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များအနေဖြင့် လာရောက်တည်းခိုကြမည့် ဧည့်သည်များ၏ မှတ်ပုံတင်ပါ အချက်အလက်နှင့် တည်းခိုနေထိုင်မည့်သူများအား တိုက်ဆိုင်စစ်ဆေးခြင်း လုံခြုံရေး အမြင်ရှိရှိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊
ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အဆင့်အတန်းမီကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး ဟိုတယ်ဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရန် လိုအပ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးကော်မတီဝင်များ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မိမိတို့၏ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က မုံရွာမြို့ နန်းထိုက်ရတနာဟိုတယ် လိုင်စင်ဖျတ်သိမ်းခွင့် ပြုနိုင်ရေး၊ မုံရွာမြို့ရှိ သမီးလေးတည်းခိုရိပ်သာ၊ ကလေးမြို့ရှိ Holiday Villa တည်းခိုရိပ်သာနှင့် ရွှေဘိုမြို့ရှိ ငွေတံခါးတည်းခိုရိပ်သာတို့အား သက်တမ်းတိုးခွင့်ပြုနိုင်ရေး၊ နိုဝင်ဘာလတွင် တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လိုင်စင်ထုတ်ပေးထားမှု အခြေအနေ၊ ဟိုတယ်/ တည်းခိုရိပ်သာနှင့် စည်ပင်သာယာတည်းခိုခန်းများတွင် ဧည့်သည်ဝင်ရောက်မှု အခြေအနေ၊ ထင်ရှားသည့်ခရီးစဉ်ဒေသများတွင် ခရီးသွားဝင်ရောက်မှုအခြေအနေ လုပ်ငန်းများနှင့် ပတ်သက် ၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာလအထိ ခရီးသွားဇုန် ၆ ဇုန်တွင် ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား - ၁၀၃၁၄၄ ဦး၊ ပြည်ပ ခရီးသွား - ၁၃၂၇ ဦး၊ စုစုပေါင်း - ၁၀၄၄၇၁ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်