မုံရွာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(မုံရွာ)MRTV တို့ပူးပေါင်းပြီး “ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သတင်းရေးသား ရိုက်ကူးတင်ဆက်နိုင်စေရန်” ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက “ယခု တက်ရောက်နေသော သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ဌာနမှ အဓိကရည်မှန်းချက်များဖြစ်သော ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာတွင် အားလုံးအဆင်ပြေစွာဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ အရည်အသွေးပြည့်မီအောင် သတင်းရေးသား ရိုက်ကူးတင်ဆက်သွားနိုင်ရေး အားလုံးကြိုးစားသင်ယူပေးကြစေကြောင်း” တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းနည်းပြဆရာ ဦးတင်အောင်ထွန်းက သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းနှင့်စပ်လျဉ်းပြီး ကင်မရာရိုက်ကူးနည်းပညာရပ်၊ သတင်းရယူခြင်းပညာ၊ သတင်းတည်းဖြတ်ခြင်းပညာ၊ သတင်းဗီဒီယိုရိုက်ကူးရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းနှင့်အမှုထမ်းဝန်ထမ်း စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)