ဝေါ စက်တင်ဘာ၂၂
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ၂၂ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလှိုင် က ဝေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းရေး ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် အများယုံကြည် လေးစားခြင်းခံရသော ဩဇာတိက္ကမရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ စေ့စပ်ညှိနှိုင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန့် က ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တည်ငြိမ်အေးချမ်းရေး မပျက်ပြားအောင် ဥပဒေဘောင်အတွင်းကသာ စည်းကမ်းများအတိုင်း မဲဆွယ်ဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ဝင် ပါတီအဖွဲ့ဝင်များက လိုအပ်ချက်များအား အကြံပြု တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)