ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်နေ့အကြိုအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

ကျောက်တံခါး  ဒီဇင်ဘာလ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်နေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က အနာဂတ်အမျိုးသစ်ကျောင်းသား၊ ကျောင်းသူများ "နေ့ထူးနေမြတ်ရက်များကိုသိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာခြင်းသမိုင်းကြောင်းကို အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။

အဆိုပါ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် အ-ထ-က(ကျောက်တံခါး)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "လွတ်လပ်ရေးနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး  ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လက်ထောက်ပညာရေးမှူးဦးဇင်မင်းအောင်၊ မြို့နယ်အားကစားမှူးဒေါ်နုနုခင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက စာအုပ်ပြပွဲတွင် ပြသထားသည့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိသည်။

မြို့နယ် (ပြန်/ဆက်)