ကလိန်အောင် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကိုစိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်းနည်းပါး၍ အရှုံးပေါ်မှာကို စိုးရိမ်နေကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူထံမှ သိရသည်။
“ ကျနော်တို့ ဒေသမှာတော့ သကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဟူ၍ နှစ်မျိုးကို ဒီနှစ်မှာတော့ ပြောင်းဖူးက အောင်မြင်ဖြစ်ထွန်းမှုးမရှိဘဲ အထွက်နှုန်းနည်းသွားတယ်၊ ပြီးတော့ပြောင်းဖူး အစေ့အပင်အောင်မြင်လာတာနဲ့ ကြွက်တွေကစားလိုက်ဆိုတော့ မျိုးစေ့ပြန်ဝယ်ပြီး ပြန်စိုက်ပျိုးရတယ်၊ ပြောင်းဖူးမျိုးစေ့ကလည်း အရင်နှစ်ကထက်ဈေးကနှစ်ဆပိုကြီးလာတယ်၊ တစ်ဧကကို ကုန်ကျငွေက (၆)သိန်းကျပ်နီးပါးခန့်ရှိတယ်၊ ဒါကြောင့် တောင်သူတွေက အရှုံးပေါ်မှာကို စိုးရိမ် နေကြပါတယ်" ဟု ပြောင်းဖူးစိုက်တောင်သူတစ်ဦးက ပြောသည်။
ကလိန်အောင်မြို့တွင် ပြောင်းဖူးအပင်များကိုဆောင်းရာသီမှ စတင်ပြီးတော့စိုက်ပျိုးကြပြီး သုံးလ လောက်အကြာမှ အဖူးထွက်ပြီး ခူးဆွတ်ရောင်းချရတယ်"ဟု ဒေသခံပြောင်းစိုက်တောင် သူပြော ကြားချက်အရ သိရသည်။
အရင်နှစ်ကတွင် ကလိန်အောင်မြို့မှ ထွက်ရှိသော ပြောင်းဖူးများကို ထားဝယ်မြို့နဲ့ ကံပေါက်ဒေသတို့ကို တင်ပို့ရောင်းချလျက်ရှိပြီး ဒီနှစ်တွင် မြို့ကြီးသို့ တင်ပို့ရောင်းချမှု နည်းပါးသွားပြီး ဒေသအတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။
လက်ရှိ ပြောင်းဖူးဈေးနှုန်းမှာ အရွယ်အစားအလိုက် သကြားပြောင်း တစ်ဖူးလျှင် ငွေ ၃၀၀ မှ ၂၀၀ ကျပ်ဖြင့် ရောင်းချရကြကြောင်း သိရသည်။
ပြောင်းဖူးအပင်များကို ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာ၊ မိကျောင်းလှောင်၊ ကျောက်ရှပ် စသည့်ကျေးရွာများတို့က စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)