ရှမ်းရွာသစ် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာဘဲများဈေး ကောင်းပေးဝယ်နေ၍ ဘဲမွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင့် ဘဲသားပေါက်များဝယ်ယူကာမွေးမြူလေ့ရှိရာ အရွယ်ရောက်ပြီးသား ဘဲ အထီး၊ အစ်မတစ်စုံလျှင် ငွေကျပ်(၂၀၀၀၀)ခန့်ဝယ်ယူကြကြောင်း၊ ဘဲဉများကိုလည်း တစ်လုံးလျှင် ငွေကျပ်(၃၅၀) ကျပ်ဖြင့် ဝယ်ယူပြီး သားဖောက်မွေးမြူလေ့ရှိကြောင်း၊ ဘဲမွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးများစွာ မလိုပဲ တစ်ပိုင်တစ်နိုင်မွေးမြူ၍ရသောကြောင့် မိသားစုအပိုဝင်ငွေလည်းရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေး လုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက်လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)