ပုသိမ် ဒီဇင်ဘာ ၁၆
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြခန်းတာဝန်ခံများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အများပြည်သူများက ကြည့်ရှုအားပေးဝယ်ယူခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်၍ “MSME လုပ်ငန်းအချို့ထုတ်ကုန်များသည် အရည်အသွေးများစွာ ကောင်းမွန်သည်ကိုတွေ့ရှိရပြီး အသင့်စားနှင့် ချက်ပြုတ်ပြီးမှ စားရသည့် ထုတ်ကုန်များလည်း ပါဝင်ပါကြောင်း၊ သစ်တောပြုန်းတီးမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် စပါးခွံလောင်စာတောင့်များ ပိုမိုထုတ်လုပ်ရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်သည့်အလျောက် MSME လုပ်ငန်းများ၏ သုံးစွဲသည့် ကုန်ကြမ်းများမှာလည်း ဒေသထွက်ကုန်ကြမ်းများ ဖြစ်ရန်လိုပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ထုတ်ကုန်လုပ်ငန်းဖြစ်ရန် လိုပါကြောင်း၊ MSME လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကုန်ကြမ်း၊သွင်းအားစု၊ရင်းနှီးမြှုပ်နှံမှုနှင့် လူသားအရင်းအမြစ်များ ရရှိရန်လည်းလိုအပ်ပြီး တီထွင်ဆန်းသစ်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများသည် ကမ်းခြေခရီးသွားလုပ်ငန်းများနှင့် စပ်ဆက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် ခရီးသွားများအား မိမိတို့ဒေသထုတ်ကုန်များနှင့် ဆွဲဆောင်ရန်လည်း လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုတ်ပိုးမှုစနစ်သေသပ်ကောင်းမွန်မှု၊ သန့်ရှင်းလတ်ဆတ်မှု၊ အနံ့အရသာပြည်စုံမှု၊ ကျန်းမာရေးနှင့်အညီဖြစ်စေမှု၊ ရေရှည်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာများအား အမြဲမပြတ်လေ့လာ ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များမှလည်း ထုတ်ကုန်များ ရေရှည်သုံးစွဲနိုင်စေရေးနှင့် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်စေရေး အတွက်သုတေသနပြုလုပ်ငန်းများ စဉ်ဆက်မပြက် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်းနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များကလည်း စိတ်ပါဝင်စားစွာနားထောင်၍ ပြန်လည် ဆွေးနွေးပေးကြစေလိုကြောင်” ပြောကြားသည်။
ဆက်လက်၍ MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က Moderator အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အသေးစား စက်မှုလက်မှုလုပ်ငန်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ငွေကျားဆီစက်လုပ်ငန်းရှင်တို့မှ Panelists အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသူသည့် ထုတ်ကုန်လုပ်ငန်းဆုများနှင့် အထူးဆုရရှိသည့် ခရိုင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ လည်းကောင်း၊ တတိယဆုရရှိသည့် မအူပင်ခရိုင်အား သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း၊ ၊ဒုတိယဆုရရှိသည့် ဖျာပုံခရိုင်အားလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)