ကျွန်းလှမြို့နယ်တွင်  ကြက်သွန်နီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရေး မျှော်လင့်

ကျွန်းလှ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ကြက်သွန်နီသီးနှံ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ ကျွန်တော် ကြက်သွန်နီသီးနှံကို နှစ်စဉ် ချောင်းရေတင်ပြီး စိုက်ပျိုးပါတယ်။ ဒီနှစ် အကျယ် ၃ ပေ၊ အရှည် ၃၆ ပေရှိတဲ့ ၄၈ ဘောင်စိုက်ပျိုးထာပြီး ငွေကျပ် ၃၀၀၀၀၀ ခန့်ကုန်ကျပါတယ်။ ယခင်နှစ်က ကုန်ချိန် ပိဿာ ၁၀၀၀ ထွက်ရှိပြီး တစ်ပိဿာ ငွေကျပ် ၁၀၀၀ ဈေးရောင်း ခဲ့ရပါတယ်။ လက်ရှိပေါက်ဈေးကတော့ ကြက်သွန်နီ တစ်ပိဿာ အလုံးသေးရင်ငွေကျပ် ၂၀၀၀၊ အလုံးကြီးရင်ငွေကျပ် ၂၅၀၀ ဈေးရှိပါတယ်” ဟု ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီ၊ ပန်းမုံလာ၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ မုံညှင်း၊ မုံလာထုတ်၊ ကန့်လန့်၊ ဖူးစားပြောင်း စသည့် စားဖိုဆောင်သီးနှံ မျိုးစုံကို ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ