ပုလော ဒီဇင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ဘဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရန်၊ ဖြစ်ပေါ်နေစဉ်လိုက်နာ ဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များကို သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြစောနွယ်က သဘာဝ ဘေးအန္တရာယ်တွင် မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ ရေကြီးဘေး စသည့် ဖြင့်ရှိကြောင်း၊ သဘာဝဘေးမဖြစ်ပေါ်မီ မိမိနေအိမ် ပတ်ဝန်းကျင်တွင် ဘေးမဖြစ်စေရန် အိမ်၏ကြံ့ခိုင်မှု၊ သစ်ပင်၊သစ်ကိုင်းများ၊ မိသားစု အရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာနှင့် ဆုံမှတ်များ၊ အရေးပေါ်သုံးပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ရန်၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ထားသော မိုးလေဝသသတင်းကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်နှင့် အခြားသူများကို မျှဝေရန်၊ ကောလာ ဟသသတင်းများကို မယုံကြည်ရန်၊ ပေါ့ပါးပြီးရေစိုခံကာ သယ်ယူရလွယ်ကူသော အိတ်ဖြင့် အရေးပေါ် သုံးပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို ထည့်ထားရန်နှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် မလိုအပ်ဘဲ အပြင်ထွက်ခွာခြင်းမပြုရန်၊ မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲရန်၊ ပြိုကျ ပျက်စီးနေသော အဆောက်အအုံများ၊ သစ်ပင်များတောင်စောင်များကို ရှောင်ရှားသင့်သည့် အကြောင်းနှင့်ပြည်သူများအနေဖြင့် အရေးပေါ်ကြုံတွေ့လာက ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သိရှိအောင် ဆောင်ရွက်ထားသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
အေးအေးမော်(ပုလော)