ကန့်ဘလူ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့် ကြက်ဥ ငါးလုံး စသည့် ပစ္စည်းလေးမျိုးတို့ကို ကျပ် ၃၀၀၀ ဖြင့် ရောင်းချပေးခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး၊ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)