ကသာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဧရာရွှေလီအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့ပေါ်အ.ထ.ကကျောင်းများနှင့် အ.လ.ကကျောင်းများမှ ပိုက်ကျော်ခြင်းအသင်း(၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပတ်လည်ကစားပွဲပြိုင်ပွဲတွင် အ.ထ.က-၁(ခ)အားကစားအသင်းနှင့် အ.ထ.က(ခွဲ)လ-၁ (က) အားကစားအသင်း(၂) သင်းတို့ကဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး အ.ထ.က-၁ (က)အားကစားအသင်းနှင့် အ.ထ.က (ခွဲ)လ-၁ (ခ)အားကစားအသင်းတို့က တတိယနေရာအတွက် ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က-၁(က)အားကစား အသင်းက အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အ.ထ.က-၁(ခ)အားကစားအသင်းနှင့် အ.ထ.က(ခွဲ)လ-၁ (က)အားကစားအသင်း(၂)သင်းတို့က ဗိုလ်လုပွဲကို ဆက်လက်၍ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အား/ကားမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်အ.ထ.က ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)