ကမမောင်း ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထက်မီးဇိုင်းကျေးရွာတွင် ဒေသခံပြည်သူများသည် ဥယျာဥ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များ အဓိကထား စိုက်ပျိုးလျက်ရှိရာ နှစ်တို သီးနှံဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။
ကမမောင်းမြို့၊အထက်မီးဇိုင်းကျေးရွာ၌ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးကာ နွေရာသီအချိန်တွင် အသီးများ အနည်းငယ်သေးပြီး မိုးရာသီနှင့် ဆောင်းရာသီတို့တွင် အသီးများပိုကြီး၍ အထွက်နှုန်းကောင်းသည့်အတွက် ကာလတို သီးနှံအဖြစ်စိုက်ပျိုးကြပြီး မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ကမမောင်းမြို့၊ အထက်မီးဇိုင်းကျေးရွာတွင် ငှက်ပျောပင်အမျိုးမျိုး စိုက်ပျိုးလျက်ရှိပြီး အဆိုပါ ငှက်ပျောပင်များစိုက်ပျိုးပြီး (၈)လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး(၁၀)လ ခန့်အကြာတွင် ငှက်ပျောခိုင်အရင့်များ ဆွတ်ခူးကာကမမောင်းမြို့ပေါ်စျေးရှိ ငှက်ပျောသီး ဖောက်သည်များထံ တင်ပို့ရောင်းချရာ၌ ငှက်ပျောသီးအမျိုးမျိုးရှိပြီး တစ်ဖီးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ စျေးကောင်းများရရှိကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူ တောင်သူ တစ်ဦးထံမှ သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)