ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထားရှိပြီး တောင်သူများမှ စတင်ခုတ်သိမ်းနေပြီဖြစ်

ပေါက်ခေါင်း ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံတွင် ကြံသီးနှံစိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသည့် တိုင်းဒေသကြီးများတွင် ပဲခူးတိုင်းဒေသကြီးသည်လည်း ကြံအများဆုံးထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ထို့အတူ ပေါက်ခေါင်းမြို့နယ်သည်လည်း နှစ်စဉ်ကြံသီးနှံဧက နှစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ယခု ၂၀၂၂-ခုနှစ်တွင်လည်း ကြံသီးနှံ(၂၀၄၉၅)ဧကကို  စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြံသီးနှံကို  နှစ်စဉ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်ပြီး အင်ငါးခွသကြားစက်၊ နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချ‌ကြောင်း၊ ယခုနှစ်ကြံတစ်တန်ကို ကျပ်ခုနှစ်သောင်းခွဲရရှိပြီး၊ အထွက်နှုန်းအနေနဲ့ ကြံတစ်ဧကလျှင် ၁၀ တန်မှ ၁၅ တန်အထိ ထွက်ရှိကြောင်း ကြံစိုက်ပျိုးတောင်သူများထံမှ သိရသည်။ ကြံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သင့်တော်သော အချိန်ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခြင်းများ၊ ကြံအထွက်နှုန်းတိုးတက်ရေးစိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲဖို့နဲ့ အပင်ကြီးထွားချိန် ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့် နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ ဆက်)