သဲကုန်းမူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ကျောင်းတွင်းကာယစွမ်းရည်ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၈နာရီက အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲအခမ်းအနားတွင် သဲကုန်းမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများ၏ ရိုးရိုးအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ဘူးဆင့်ပြိုင်ပွဲ၊ ဦးထုပ်ဆောင်းနှင့် မုန့်စားပြိုင်ပွဲ၊ ပုလင်းထောင်ပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲနှင့် ကြိုးသီပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် သားငယ်သမီးငယ်လေးများနှင့် ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ်ကလေးများအား တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နှင်းနှင်းယု၊ပြည် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဒေါ်ခင်ဆွေဦး၊ သဲကုန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဒေါ်မေဇင်ထွန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး (ပြန်/ဆက်)