ဆိပ်ဖြူမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင် ကာကွယ်ရေးအသိပညာပေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများစုဖွဲ့ထားရှိ

ဆိပ်ဖြူ   စက်တင်ဘာ ၂၂


မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင်  မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရန် မြစ်ဘေး၊ ချောင်းဘေး နေထိုင်သည့် အိမ်ထောင်စုများ အသိပညာပေးခြင်း လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လက်ရှိဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း  ၏အရှိန်ကြောင့် လေပြင်းများတိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းကြောင့် ကမ်းပြိုမှုအန္တရာယ်များဖြစ်ပေါ်လာနိုင်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားရှိမှုအပေါ်  ထိုဘေးအန္တရာယ်များ ကို ဒေသခံပြည်သူများအနေဖြင့်  ထိခိုက်မှုမရှိပဲ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်သည်။
အသိပညာပေးလုပ်ငန်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်လင်း ဦးဆောင်သော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆိပ်ဖြူမြို့မရဲစခန်း မှနယ်ထိန်းအရာရှိ ဒုတိယ ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူများနှင့် ယောချောင်းဘေးနေ ထိုင်သည့် ပြည်သူများကို  အပူပိုင်းမုန်တိုင်း ၏အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ ၊မိုးလေဝသ သတင်းအချက်အလက်များ စဉ်ဆက်မပြတ် နားထောင်ရေး ၊ အရေးပေါ်အခြေအနေ ကျရောက်လာပြီး အခက်အခဲများဖြစ်ပေါ်လာပါက ဆက်သွယ် ဆောင်ရွက် အကူအညီတောင်းခံရမည့် နည်းလမ်းများကို အသိပေးပြောကြားခဲ့ကြောင်း ၊အခြားသော ကျေးရွာများတွင် မိုးကြီးခြင်းကြောင့် ကားလမ်းရေကျော်ခြင်းများ ဖြစ်ပေါ်လာပါက လူနှင့်ခရီးသွားယာဉ်များ ဖြတ်ကူးခြင်းများမရှိစေရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသိပေးဆောင်ရွက်ထားကြောင်း ၊မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အရန်သင့် စုဖွဲ့ဆောင်ရွက် ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။
    စိုးလင်းနိုင်(IPRD)