မင်းဘူး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက အခြေခံ ပညာကျောင်းများ၌ ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သရုပ်လေ့ကျင့်ခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းဆောင်အတွင်း အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငလျင်ဘေးနှင့်လွတ်ကင်းသော ကွင်းပြင်/ယာယီကယ်ဆယ် ရေးစခန်းများသို့ စနစ်တကျ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
“ယခုလို ဆောင်ရွက်ရတာကတော့ အခြေခံပညာကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်(ငလျင်ဘေး)နဲ့ ရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေဖို့၊ မိမိကိုယ်ကိုယ် မထိခိုက်အောင် ကာကွယ်တတ်စေဖို့၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမယ့်နည်းလမ်းတွေနဲ့ ဆောင်ရန်/ ရှောင်ရန် အချက်အလက်တွေကို သိရှိစေဖို့၊ အရေးပေါ်ကာကွယ်တဲ့နည်းလမ်းဖြစ်တဲ့ ဝပ်၊ ကာ၊ လှဲ ပုံစံတွေ အန္တရာယ်ကိုရှောင်တိမ်းတဲ့ နည်းလမ်းတွေ၊ အန္တရာယ်ရှိ အဆောက်အဦကနေ ဘေးလွတ်တဲ့နေရာကို အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ရှောင်တိမ်းတတ်စေဖို့အတွက် ငလျင်ဘေးသဏ္ဍာန်တူ သရုပ်ပြဇတ်တိုက် လေ့ကျင့်ရခြင်းဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ပြောသည်။
မောင်မောင်(မင်းဘူး)