ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဒီဇင်ဘာ ၁၅

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို နေပြည်တော်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည်ဖြစ်သလို မိမိတို့ပြည်နယ်အနေဖြင့်လည်း တတ်နိုင်သည့် ဘောင်အတွင်းမှ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခမ်းအနားတစ်ခု ကျင်းပပြုလုပ်မည်ဆိုပါက ၎င်းအခမ်းအနား အတွက် ကုန်ကျစရိတ်များ ရှိလာမည်ဖြစ်ပါကြောင်း၊ အခမ်းအနားတိုင်းတွင် ဖြစ်နိုင်လျှင် ကုန်ကျစရိတ် အနည်းဆုံးနှင့် ထိထိမိမိဖြင့် အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဆောင်ရွက်မည့်အစီအမံများနှင့် ကုန်ကျစရိတ်များကိုတင်ပြ၍ ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ဆွေးနွေးတင်ပြပြီးနောက် အခမ်းအနား တက်ရောက်လာကြသည့် အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ၊ အလံတင် အခမ်းအနားနှင့် စစ်ရေးပြဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် ခန့်မှန်းကုန်ကျစရိတ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆပ်ကော်မတီအလိုက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်ထွန်းတောက်